Friday, January 27, 2017

ယုံကြည်မှုနဲ့ သိမြင်မှုဆိုတာဟာ ...

ယုံကြည်မှုနဲ့ သိမြင်မှုဆိုတာဟာ ...

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာရဲ့ ဥပါသကာတစ်ဦးဖြစ်တဲ့
စိတ္တသူကြွယ်နဲ့ နိဂဏ္ဍနာဋပုတ္တတို့တွေ့ဆုံကြလေရဲ့ ...

အဲ့ဒီလိုတွေ့တဲ့အခါ -

နိဂဏ္ဍကပြောတယ် ...

"ဂေါတမဘုရားက အ၀ိတက္က အ၀ိစာရ သမာဓိရှိ(အတွေးမပါတဲ့ သမာဓိ)
ရှိတယ်လို့ ဟောတယ် ...
အတွေးမဲ့စိတ်ဆိုတာ မရှိနိုင်ဘူး ....
စိတ်ဆိုတာ အတွေးနဲ့သာဖြစ်တယ် ...
ဘယ့်နှယ့်လဲ စိတ္တသူကြွယ် ...
ဒကာရော အတွေးမဲ့စိတ်၊ အတွေးမဲ့သမာဓိဆိုတာကို ယုံသလား "
လို့မေးလိုက်တယ်။

## သူမေးလိုက်တဲ့စကားကို သေချာကြည့်၊
ယုံရဲ့လားလို့မေးတာနော် ...
အဲ့ဒီအခါ စိတ္တသူကြွယ်က
" အတွေးမဲ့စိတ်ရှိတယ်ဆိုတာ မယုံပါဘူး"လို့ဖြေတယ်။

အဲ့ဒီအခါမှာ နိဂဏ္ဍနာဋပုတ္တက ခေါင်းလေးမော့ ခါးလေးကော့ပြီး
" ဂေါတမရဲ့ တပည့်ဖြစ်တဲ့ ဟောဒီ စိတ္တသူကြွယ်တောင်မှ
အတွေးမဲ့စိတ်ဆိုတာ လက်မခံဘူး။ သူမယုံဘူးလို့ပြောနေတယ်" လို့
ပရိတ်သတ်ကြားအောင် အသံမြှင့်ပြောလိုက်တယ် ....

အဲ့ဒီအခါမှာ စိတ္တသူကြွယ်က ဘာရှင်းပြသလဲဆိုရင်
သူကိုယ်တိုင်က သမထကျင့်စဉ်တွေကို ကျင့်ပြီး
ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဆိုတဲ့ ဒီဈာန်တွေကို
ရရှိထားလို့ ဒီသမာဓိမျိုး သူကိုယ်တိုင်အကြိမ်ကြိမ်ရရှိ
ခံစားဖူးတာဖြစ်တယ်။ ဒါကြောင့်အတွေးမဲ့သမာဓိ၊
အတွေးမဲ့စိတ်ဆိုတာ သူကိုယ်တိုင်သိတာ ...
ယုံတာလို့ပြောတာမဟုတ်ဘူး။ သူမယုံဘူးဆိုတာက
သူကိုယ်တိုင်သိမြင်ပြီးဖြစ်လို့ပြောတာပါတဲ့ ....

လောကမှာ လူတွေက ကိုယ်တိုင်မသိရင် သူများပြောတာ
လက်ခံကြရတာများတယ်၊ ကိုယ်သိတာမဟုတ်ဘူးဆိုရင်
စာထဲမှာပါတယ်၊ ဘယ်သူကပြောတာ၊
ဒါနဲ့ပဲလက်ခံရတယ်လေ ...
ဒီတော့ စိတ္တသူကြွယ်က အတွေးမဲ့စိတ်၊ အတွေးမဲ့သမာဓိကို
သူကိုယ်တိုင်အကြိမ်ကြိမ်ရရှိဖူးလို့ ကိုယ်တိုင်သိတာပါ ...
ဒါကြောင့် မယုံဘူးလို့ပြောတာပါလို့ဆိုတယ် ...

အဲ့ဒီတော့ နိဂဏ္ဍနာဋပုတ္တက -

" ကြည့်စမ်းပါ၊ စိတ္တသူကြွယ်ဟာ အလွန်ကောက်ကျစ်တယ် ...
နဂိုတုန်းက မယုံဘူးပြောပြီး အခုကျတော့ သူကိုယ်တိုင်
သိပါတယ်လို့ပြောပြန်တယ် "စိတ္တသူကြွယ်က သူ့ကို
စိန်ခေါ်တယ် (Challenge လုပ်တယ်) ပေါ့ ...
ယုံတာနဲ့ သိတာ တူ၊ မတူ
စိတ္တသူကြွယ်ကမေးတယ် ....
အစက နိဂဏ္ဍထင်တာ သူ့စကားကို
စိတ္တသူကြွယ်လက်ခံတယ်ပေါ့ ...
သူမျက်စိလည်သွားတာကိုး ....

## ယုံတယ်ဆိုတာ ကိုယ်တိုင်မသိဘဲ သူများပြောတာလက်ခံရတာ ...
## ကိုယ်တိုင်သိတာကျတော့ ယုံတာမဟုတ်တော့ဘူးလေ ...
## ယုံတဲ့အဆင့်ကို လွန်မြောက်သွားပြီ၊ ကိုယ်တိုင်သိမြင်တဲ့သူဖြစ်သွားတာ ....

{{ ဒေါက်တာနန္ဒမာလာဘိဝံသ - အတွေးမဲ့စိတ်တရားတော်မှ }}

ဒါကြောင့် ပါချုပ်ဆရာတော်ရားကြီးဟောတဲ့ ဒီအဖြစ်ပျက်လေးကို
အနှစ်ချုပ်ကြည့်ရင် -
အကြောင်းအရာတစ်ခုကို ယုံတယ်ဆိုတာ -
ကိုယ်တိုင်ကိုယ်ကျတကယ်မသိရသေးလို့၊
သူများပြောလို့လက်ခံတာပဲဖြစ်ဖြစ်၊ စာထဲမှာပါလို့လက်ခံတာပဲဖြစ်ဖြစ်၊အစဉ်အဆက်ထုံတမ်းစဉ်လာတွေဖြစ်လို့လက်ခံတာပဲဖြစ်ဖြစ် ....
ဒီလိုလက်ခံလာခဲ့ပြီးမှ ယုံကြည်မှုဖြစ်လာတယ်လို့ဆိုတယ် ...
သိမြင်မှုကျတော့ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်သိမြင်သွားပြီ ...
ဒီယုံကြည်မှုတွေကို လွန်မြောက်သွားပြီလို့ဆိုတယ် ....
သိမြင်သူဖြစ်သွားလို့ ယုံကြည်မှုဆိုတာ မလိုအပ်တော့ဘူး ...
ယုံကြည်မှုဆိုတာလည်းမရှိတော့ဘူး၊
သူ့မှာ သိမြင်မှုပဲရှိတော့တယ် ...
ဒါကြောင့် သိမြင်ခြင်းအဆုံးစွန်ထိရောက်တဲ့သိမြင်သူဖြစ်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေ ....

- 27-1-2016 (Friday, 15:45) -

Tuesday, January 17, 2017

စိတ်ကောင်းနှင့်ယှဉ် ...

စိတ်ကောင်းနဲ့ယှဉ် ရှေးရှု့နှင်လော့ ....

လောကမှာ စေတနာကို နားမလည်တဲ့သူတွေရှိတယ်။
စေတနာကို အပြစ်မြင်တဲ့သူတွေရှိတယ်။
စေတနာကို စော်ကားတဲ့သူတွေရှိတယ်တဲ့။ မှန်ပါတယ်။
အဲဒါက သူတို့အပိုင်းပါပဲ။
ကိုယ့်ဘက်ကတော့ ဘာပဲလုပ်လုပ် စေတနာမှန်မှန်နဲ့
အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ မဟုတ်လား။ ကိုယ့်လုပ်တာ
သူတို့ရဲ့ တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့မဟုတ်ပါဘူး။
အကျိုးသက်ရောက်မှု အကောင်းတွေ ဖြစ်ဖို့ပါပဲ။
စိတ်စေတနာကောင်းဆိုတာ လူတိုင်းမှာ မရှိတတ်ပါဘူး။
ကိုယ့်မှာ အဲဒီစိတ်စေတနာလေး ရှိနေတာကိုက ဒါဟာ
အကောင်းဓာတ်ခံလေး ပါလာတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဒီဓာတ်ခံလေးကို တစ်စုံတစ်ဦးကြောင့်၊ တစ်စုံတစ်ခုကြောင့်တော့
ပျက်ပြယ်သွားလို့ မဖြစ်ပါဘူး။ အဲဒီဓာတ်ခံလေး မပျက်ပြယ်ဖို့
ကိုယ့်စိတ်ထားလေးတွေ ပြုပြင်ကြဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ စေတနာကောင်းနဲ့ လုပ်တဲ့သူတွေမှာ တစ်ဘက်က
တန်ပြန်သက်ရောက်မှုကောင်း၊ တုန့်ပြန်မှုကောင်း၊ စေတနာကို
သိတတ်မှုကောင်းလေးတွေ ပြန်မရလည်း ကိုယ့်ရဲ့
စိတ်စေတနာကောင်းက ကိုယ့်အတွက် အကောင်းတွေ
ဖြစ်နေပြီးသားပါ။ ကိုယ့်စေတနာကောင်းက ကိုယ့်အတွက်
တုန့်ပြန်မှုကောင်းတွေ ရပြီးသားပါပဲ။ သူတပါးထံက
မျှော်လင့်ဖို့မဟုတ်ပါဘူး။ မျှော်လင့်လိုက်ရင် ကောင်းနေတဲ့
စေတနာလေးတွေတောင် တစ်ခါတရံ တုန်ပြန့်မှု မကောင်းရင်
ပြောင်းသွားတတ်တာဆိုတော့ သူ့ဘက်ကို မကြည့်ပါနဲ့၊
ကိုယ့်ဘက်က စိတ်စေတနာလေးတွေကိုပဲ
သတိနဲ့ညှိလုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကောင်းရဲ့သားနဲ့
သူမကောင်းရင် အဲဒါ သူ့အကြောင်းပါပဲ။ ကိုယ့်ဘက်ကတော့
မပြောင်းမိဖို့ အရေးကြီးပါတယ်။

ဒါကြောင့် စေတနာကောင်းဆိုတာ သူတပါးရဲ့
တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့မဟုတ်ဘဲ ကိုယ့်ဘက်ကသာ
အလုပ်ကောင်းတွေမှာ အကောင်းလုပ်ဖို့ပဲ ဖြစ်တဲ့အတွက်
ကိုယ့်စေတနာကို ဘယ်သူအသိအမှတ်ပြုပြု၊ မပြုပြု
ကိုယ့်ကိုကိုယ်နဲ့ သူတော်ကောင်းများကတော့
အသိအမှတ်ပြုထားပြီးပြီဆိုတာ သတိပြုဆင်ခြင်ရင်း
စိတ်ကောင်းစေတနာကောင်းဖြင့်သာ ကောင်းတဲ့အလုပ်တွေကို
ဆက်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
ဘယ်သူတွေ ဘယ်လိုပဲ တုန့်ပြန်ပါစေ ကိုယ့်ဘက်ကတော့
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်ဖို့ပါပဲ ....

{{မနာပဒါယီ အရှင်ဝိစိတ္တ }}

ပဋိစ္စသမုပ္ပါဒ်ကို သိမြင်အောင်အားထုတ်ကြပါ ....

ပဋိစ္စသမုပ္ပါဒ်ကို သိမြင်လျှင် တရားကို သိမြင်၏ ...
တရားကို သိမြင်လျှင် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်၏ ...

ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ဒိဋ္ဌိမပြုတ် -
ဒိဋ္ဌိမပြုတ်ရင် တရားအားထုတ်လည်း တရားမရနိုင် ....

ဒါကြောင့် တရားအားထုတ်သူ ယောဂီအနေနဲ့
ပဋိစ္စသမုပ္ပါဒ်ကို သိမြင်နားလည်အောင်အရင်လုပ်ရမယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက
အရှင်ဆန္ဒမထေရ် (ဆန္ဒအမတ်) ဟာ
၀ိပဿနာအလုပ်ကို နှစ်ရှည်လများကြိုးပမ်းအားထုတ်ပါသော်လည်း
ပထမ (သောတာပတ္တိ) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုပင် ရနိုင်ခြင်းမရှိခဲ့ဘူးဆိုတာ
မှတ်သားစရာတစ်ခုပဲဖြစ်တယ်။
သူက အခြားတပါးသော ရဟန်းတော်များထံသို့
လှည့်လည်သွားလာပြီး သူသည် ၀ိပဿနာရှု့တဲ့အခါ အနိစ္စကိုလည်း
မြင်ပါတယ်၊ ဒုက္ခကိုလည်းမြင်ပါတယ် သို့ပါလျက်ကယ်နှင့် မဂ်ဉာဏ်၊
ဖိုလ်ဉာဏ်မရကြောင်း ထုတ်ဖော်ပြောဆိုတယ်။
တကယ်လည်းသူ့မှာ နှစ်ပေါင်းလေးဆယ်ကျော်ကြာအောင်
ကြိုးပမ်းအားထုတ်လာခဲ့တာပါ။
သူ့အနေနဲ့ ရုပ်သည် အမြဲမရှိ ဖောက်ပြန်တတ်ကြောင်းကိုလည်းသိပါရဲ့ ....
ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်တို့သည်လည်း
မြဲမြံ့ခြင်းမရှိကြောင်းသိပါရဲ့ ... အနိစ္စကို သိသော်လည်း
အနတ္တကို စဉ်းစားမိသောအခါ သူ့စိတ်ထဲမှာ
ချောက်ကမ်းပါး စောက်ကြီးထဲ လိမ့်ကျသွားရတော့မတတ်
ခံစားရကြောင်းပြောဆိုပါတယ် .....

သူကဆက်ပြောသေးတယ်။
တကယ်လို့များတဲ့...
ခန္ဓာငါးပါးစလုံးသာ အနတ္တဖြစ်နေရင် 
သူဘာကို အားကိုးရတော့မလဲတဲ့ ....

ဒီလိုနဲ့ အချိန်ကာလတို့ကြာမြင့်ခဲ့လို့ အနှစ် (၄၀) ကျော်လာခဲ့ပြီး
မြတ်စွာဘုရားသာ ပရိနိဗ္ဗာန်ပြုသွားတယ်၊
သူ့မှာ တရားထူးမရပါပဲ ကျန်ရစ်ခဲ့ရရှာတယ်။
ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်မှာတော့ သူ့ကို ရဟန်းသံဃာတို့က
ဗြဟ္မဒဏ်ခတ်ထားကြလိုက်တယ်။
ဒါနဲ့အရှင်ဆန္ဒလည်း ဘုန်းကြီးကျောင်းတစ်ကျောင်းဝင်၊
တစ်ကျောင်းထွက်လှည့်လည်သွားလာပြီး သူ့ကို ပြောဆိုဆုံးမကြပါလို့ တောင်းပန်တိုက်တွန်းနေခဲ့ရရှာတယ်၊ ဒါလည်းဘာမှ အကျိုးထူးတယ်မရှိခဲ့ဘူး။
နောက်ဆုံးတော့ သူ့စိတ်ထဲမှာ အရှင်အာနန္ဒာကိုသာ အားထားချဉ်းကပ်လို့အသင့်တော်ဆုံးလို့ သတ်မှတ်ပြီး အရှင်အာနန္ဒာနဲ့တွေ့လို့ သူတွေ့ကြုံနေရတဲ့အဖြစ်ပျက်အလုံးစုံရှင်းလင်း
ပြောပြရပါတော့တယ်။ ဒါနဲ့ အရှင်အာနန္ဒာက သူတရားမရတာ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ကောင်းကောင်းနားမလည်လို့ဆိုတာသိပြီး သူ့မှာ ဒိဋ္ဌိမပြုတ်သေးတော့ မဂ်တား၊ ဖိုလ်တား ဖြစ်နေရတာကို
နားလည်သွားတယ်။ ဒါကြောင့် အရှင်အာနန္ဒာက သူ့ကို စိတ်သက်သာစေတဲ့အားပေးစကားပြောဆိုပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို မြတ်စွာဘုရားလက်ထက်က ကစ္စာယနအနွယ်ရဟန်းတစ်ပါး ကို သင်ကြားပြသည့်အတိုင်း
သင်ကြားပြသပေးခဲ့ပါတယ်။
ဒီလိုနဲ့အရှင်ဆန္ဒဟာ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကောင်းစွာနားလည်သဘောပေါက်ပြီး တရားအားထုတ်လိုက်တဲ့အခါမှာ သက္ကာယ၊ သဿတ၊ ဥစ္ဆေဒဒိဋ္ဌိတို့ကို ရှင်းလင်းသုတ်သင်နိုင်တော့တယ်၊ ဒိဋ္ဌိပြုတ်ပြီးမကြာမီမှာ
သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရှိပါတော့တယ်။
ဒါကိုကြည့်ရင် အရှင်ဆန္ဒတရားမရဘဲ အနှစ်လေးဆယ်ကျော်ကြန့်ကြာနေခဲ့တာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ကောင်းကောင်းနားမလည်ခဲ့လို့ဆိုတာ မှတ်သားကြရမယ်။
ဒါကြောင့် တရားအားထုတ်တဲ့ယောဂီတွေအနေနဲ့ ပဋိစ္စသမုပ္ပါဒ်ကို အရင်သိမြင်နားလည်အောင်လုပ်ပြီးနောက် ဒိဋ္ဌိဖြုတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ....

- စာဖတ်သူအားလုံး တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော်နိုင်ကြပါစေ -

{{ စာကိုး - ၀ိပဿနာရှု့နည်းလက်စွဲကျမ်း }}

မိဘကျေးဇူး ကျေအောင်ဆပ်ကြမယ် ....

Q. အရှင်ဘုရား မိဘကျေးဇူး ကို ဘယ်လို နည်းနဲ့မှ ကျေအောင် မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူး ကို နို့တစ်လုံး ဖိုးပဲ ဆပ်နိုင်ခဲ့တယ် လို့လည်း ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင် ဆပ်တဲ့ နည်း ရှိရင် မိန့်ကြားပေးတော်မူပါဘုရား။
(မောင်အောင်ဇော်၊ ရန်ကုန်မြို့။)


A: ဒကာအောင်ဇော်ရေ ........
" မြတ်စွာဘုရားရှင်တောင် မိခင်ကျေးဇူး ကို နို့တစ်လုံးဖိုး ပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အစဉ် အဆက် စကား လုံးဝ မမှန်ကန်ကြောင်း” “နို့နှစ်လုံးဖိုးကျေပါတယ်” ဆောင်းပါးမှာ ဦးဇင်း အကျယ် တစ်ဝင့် ရေးခဲ့ ပြီး ပြီ မို့ ဒီနေရာမှာ ထပ်မပြောလိုတော့ပါဘူး။


 လိုရင်း ကတော့ ..... ဘ၀တစ်ပါးပြောင်းသွားပြီးဖြစ်တဲ့ မယ်တော်(သန္တုဿိတ နတ်သား) ကို ဘ၀ သံသရာ ၀ဋ်ဒုက္ခ က လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့ အတွက် မြတ်စွာဘုရားရှင်မှာ “အမေ့နို့ဖိုး” တစ်စက်မှ အကြွေး မကျန်တော့ပါဘူး။ မိခင်ကျေးဇူး ကို “နို့နှစ်လုံးဖိုး ကျေအောင်” မြတ်စွာဘုရားဆပ်နိုင်ခဲ့ပါတယ်။


မိခင်ကျေးဇူးတွင်လား ဆိုတော့ မဟုတ်ပါဘူး။
ဖခင်ကျေးဇူးကို လည်း “အဖေ့ချွေးဖိုး” တစ်စက် မှ အကြွေး မကျန်အောင် ဆပ်နိုင်ခဲ့တာပါပဲ။ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကို လူဝတ်ကြောင် ဘ၀ နဲ့ ရဟန္တာဖြစ်ပြီး ကျွတ်တမ်း ၀င်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့ အတွက် ဖခင်ကျေးဇူး ကို “လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်” မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။


အမေ့နို့ဖိုးရော၊ အဖေ့ လက်ရုံးဖိုး ပါ ကျေအောင် ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင် ဟာ မိဘကျေးဇူး အထူးသိ၊ အထူးဆပ် လိုတဲ့ သူတော်ကောင်းတိုင်း အတွက် အတု ယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါပဲ။

 မိဘကျေးဇူး ကို ကျေအောင် ဆပ်နိုင် ခဲ့တဲ့ မြတ်စွာဘုရားရှင် က
“ငါ ကတော့ ဘုရား မို့လို့ မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်တာ၊ သင်တို့ ကတော့ သာမန် လူတွေမို့ မိဘကျေးဇူး ကို ဘယ်တော့ မှ ကျေအောင် ဆပ်နိုင်မှာ မဟုတ်ဘူးလို့” လုံးဝ မိန့်တော် မမူခဲ့ပါဘူး။


“ငါဘုရား မိဘကျေးဇူး ကို အကျေ ဆပ်နိုင်သလို သင် ချစ်သား ချစ်သမီး တို့လည်း မိဘကျေးဇူး ကို အကျေ ဆပ်နိုင်ပါတယ် လို့” ပဲ မိန့်တော်မူခဲ့ပါတယ်။



 မိဘကျေးဇူး ဆပ်ခြင်းနဲ့ ပတ်သက် တဲ့ ဘုရား အဆုံးအမ ကိုပြောကြပြီ ဆိုရင် “မိဘကျေးဇူး ကို ဘယ်လို မှ ကျေအောင် မဆပ်နိုင်ဘူး လို့ မြတ်စွာ ဘုရားဟောထားတယ်” လို့ လူ အများ ပြောလေ့ရှိကြပါတယ်။ 

အမှန်က “ကျေအောင် မဆပ်နိုင်ဘူးလို့”ဟောထား တာ မဟုတ်ပါဘူး။ “ကျေအောင် ဆပ်ဖို့ မလွယ်ဘူး” လို့ ဟောထားတာပါ။ “လွယ်လွယ် ဆပ်ရုံ နဲ့ ကျေးဇူး မကျေနိုင်ဘူး”လို့ ဟောထားတာပါ။ 


“သာမန် ဆပ်ရုံ နဲ့ ကျေးဇူး မကျေနိုင်ဘူး၊ အထူး ဆပ်မှ ကျေးဇူးကျေနိုင်တယ်” လို့ ဆိုလို ပါတယ်။ (န သုပ္ပဋိ ကာရံ ၀ဒါမိ)
 
မြတ်စွာဘုရားရှင် ရဲ့ ဟောကြားချက် မူရင်း ကို နားထောင်ကြည့်ပါဦး။


 “ချစ်သား ချစ်သမီး တို့ .......၊ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူး ကို အလွယ် တစ်ကူ ဆပ်ရုံ နဲ့ မကျေနိုင် ဘူး ၊ ကျေအောင် ဆပ်ဖို့ မလွယ်ဘူး လို့ ငါဘုရားပြောချင်ပါတယ်။ ပုဂ္ဂိုလ်နှစ်ယောက် ဆိုတာ မွေးမိခင် နဲ့ မွေး ဖခင်၊ မိဘ အရင်းအချာ ကို ပြောတာပါ။”

“ချစ်သား ချစ်သမီးတို့၊ အနှစ်တစ်ရာ သက်တမ်း မှာ အနှစ်တစ်ရာ အသက် ရှည်တဲ့ သားသမီး က အမေ ကို လက်ယာ ပခုံးမှာ တင်၊ အဖေ ကို လက်ဝဲ ပခုံးမှာ တင်ပြီး ရာသက်ပန်ပြုစု လုပ်ကျွေးတယ် ဆိုကြပါစို့၊ 


ပခုံး ထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်းကြိုင်အောင် နံ့သာမျိုးစုံနဲ့ လည်း ပွတ်တိုက် လိမ်းကျံပေးတယ်၊ အညောင်း အညာပြေအောင် လက်တွေခြေတွေကို လည်း ဆုပ်နယ်ပေး၊ နှိပ်ပေးတယ် ။

အေးတဲ့ အခါ ရေနွေး၊ ပူတဲ့ အခါ ရေအေး နဲ့ လည်း ရေချိုး သန့်စင်ပေးတယ်၊ ကိုယ်လက် ပေါ့ပါး ချမ်းသာအောင် လက်တွေ၊ ခြေတွေ ကိုလည်း ဆွဲဆန့်ပေးတယ်၊ ပုခုံး ထက်မှာ ပဲ ကျင်ကြီး ကျင်ငယ် စွန့်စေ တယ်၊ အဲဒီလောက် ပြုစု လုပ်ကျွေးပေမယ့် မိဘကျေးဇူး ကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား မဖြစ်သေး ပါဘူး။”
  

 “ချစ်သား ချစ်သမီး တို့ .......၊ စကားကုန် ပြောရမယ် ဆိုရင် မိဘနှစ်ပါး ကို နှစ်သက်ဖွယ် ရတနာတွေ အများ ကြီး ရှိတဲ့ တစ်မြေပြင်လုံး ကို စိုးမိုး အုပ်ချုပ် အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်း ရာထူးမှာ ထားပြီး ကျေးဇူး ဆပ်ဦးတော့ 

မိဘကျေးဇူး ကို ကျေအောင် ဆပ်ရာ မရောက်သေးဘူး။”



 “ချစ်သား ချစ်သမီးတို့ ......၊ ဒီလောက်ကျေးဇူး ဆပ်ရဲ့သား နဲ့ ဘာလို့ကျေးဇူး မကျေနိုင်တာလဲ ဆိုရင် မိဘတွေ ဟာ သားသမီးတွေ အပေါ် သိပ်ကို ကျေးဇူး များကြလို့၊ သားသမီးတွေ ကို ကြီးပြင်း အရွယ်ရောက် လူလားမြောက်အောင် ဂရု တစ်စိုက် စောင့်ရှောက်ကြလို့၊ နို့ချို တိုက်ကျွေးမွေးမြူကြလို့၊ ဒီလောကကြီး ရဲ့ အာရုံကောင်းဆိုး အမျိုးမျိုး ကို သိမြင်အောင် သေချာပြသကြလို့ပါပဲ”

 “ချစ်သား ချစ်သမီးတို့ ......၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွှ န်ပြပါရစေ၊

 သဒ္ဓါတရား မရှိတဲ့ မိဘ ကို သဒ္ဓါတရား နဲ့ ပြည့်စုံအောင်၊  
 သီလ မရှိတဲ့ မိဘ ကို သီလပြည့်စုံအောင်၊
  မပေးရက် မလှူရက် နှမြော ၀န်တို တဲ့ မိဘ ကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း နဲ့ ပြည့်စုံအောင်၊  
 ပညာဉာဏ် မရှိတဲ့ မိဘ ကို ပညာဉာဏ် နဲ့ ပြည့်စုံအောင် ကောင်းစွာ နာယူဆောက်တည်စေမယ် ၊လေးလေး နက်နက် သက်ဝင်စေမယ်၊ ခိုင်ခိုင် ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင် မိဘကျေးဇူး ကို တုံ့ပြန်ပြီး သား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။”

ဒါဟာ ဘုရားဟော မူရင်း ပါပဲ။ “မိဘကျေးဇူး ကို ဘယ်လိုနည်းနဲ့ မှ ကျေအောင် မဆပ်နိုင်ဘူး” လို့ ဟော မထား ပါဘူး။ ကျေးဇူး မကျေတဲ့ ဆပ်နည်း ကိုလည်း အထင် အရှားဖေါ်ထုတ် ထားသလို ကျေးဇူးကျေတဲ့ ဆပ်နည်း ကိုလည်း အတိ အကျ ညွှန်ပြထားပါတယ်။

► မိဘကျေဇူးဆပ်တဲ့နေရာမှာ" လောက နည်းနဲ့ ဆပ်ခြင်း၊ ဓမ္မ နည်းနဲ့ ဆပ်ခြင်း"လို့ ဆပ်နည်းနှစ် မျိုး ရှိ ပါ တယ်။

 မိဘ အတွက် အစား အသောက်၊ အ၀တ် အထည်၊ နေအိမ် တိုက်တာ၊ ကား ရထား စတဲ့ လူမှု အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံအောင် စီမံ ဖန်တီးပေးတာ ကို လောကနည်း နဲ့ကျေးဇူး ဆပ်တယ် လို့ ခေါ်ပါတယ်။
 

မိဘ ရဲ့ စားဝတ်နေရေး ကျန်းမာရေး အတွက် ကိုယ် တတ်စွမ်းသမျှ ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ ကျေးဇူး ဆပ်တာမို့ “ရုပ်ပိုင်းဆိုင်ရာကျေးဇူး ဆပ်နည်း”လို့လည်း ဆိုနိုင်ပါတယ်။

“မိဘကျေးဇူး ဆပ်လို့ မကျေနိုင်ဘူး” ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ကိုပဲ ဖြည့်ဆည်းပေး တဲ့ လော က နည်းကျေးဇူး ဆပ်ခြင်း ကို ရည်ရွယ်ပြီးပြောတာပါ။


လောကနည်း နဲ့ ကျေးဇူး မကျေဘူး ဆိုပေမယ့် အဲဒီ နည်းနဲ့ လည်း ဆပ်တော့ ဆပ်နေရာမှာ ပါပဲ။ သီတင်းကျွတ် ကျမှ မိဘ  ကို ကန့်တော့ တာမျိုး၊ နှစ်သစ်ကူးကျမှ မိဘကို လက်ဆောင်ပစ္စည်းပေးတာ မျိုးလောက် နဲ့ ကျေနပ် မနေဘဲ နေ့စဉ်၊ လစဉ် ဆိုသလို မိဘကို အရိပ် တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက် သင့်ပါတယ်။  

 မိဘ က ကိုယ့် ကို ထမင်း ဘယ်နှနပ် ကျွေးခဲ့ဖူး သလဲ၊  
 ကိုယ် ကရော မိဘ ကို ထမင်း ဘယ်နှနပ် ပြန်ကျွေး ခဲ့ပြီးပြီလဲ၊  
 မိဘ က ကိုယ့် ကို အင်္ကျီ၊ လုံချည် ဘယ်နှစ်ထည် ဆင်ခဲ့ဖူးသလဲ၊  
 ကိုယ်ကရော မိဘ ကို အင်္ကျီ၊ လုံချည် ဘယ်နှစ်ထည် ၀ယ်ပေးပြီးပြီလဲ၊ “ပြန်တွေးကြည့်ရင် ရှက်စရာ” ဆိုတဲ့ စကားမျိုး ဘယ်တော့မှ ပြောစရာမလိုအောင် အစွမ်းကုန်ဖြည့်ဆည်းပေးလိုက်စမ်းပါ။

► မိဘသေခါ မှ “ကျေးဇူး မဆပ် လိုက်ရလေခြင်း” လို့ အရှက် မရှိ အော်ငို မနေပါနဲ့။
♦ ပေးမှ၊ လှူ မှ မိဘ ကို ကျေးဇူး ဆပ်တာ မဟုတ်ပါဘူး မိဘရဲ့ ဝေယျာ ၀စ္စ ကိစ္စကြီးငယ်ကို လက်ရုံးအား နဲ့ ဆောင် ရွက်ပေးတာ ဟာလည်း ကျေးဇူး ဆပ်တာပါပဲ။ မိဘ ရဲ့ အင်္ကျီ၊ လုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘ မကျန်းမာရင် ကိုယ်တိုင် ကိုယ်ကျ ဂရုတစ်စိုက် ပြုစု တာတို့ ပြုလုပ်ပေးသင့်ပါတယ်။

♦ စိတ်ထား မတတ်တဲ့ မိဘ စိတ်ထား တတ်အောင်၊ ကုသိုလ်နည်းပါး တဲ့ မိဘ ကုသိုလ် တိုးပွားအောင် ကူညီ ပံ့ပိုးပေးတာ  ဓမ္မ နည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။

မိဘ ရဲ့ စိတ်ဓာတ်မြင့်မားရေး အတွက် စိတ် အာဟာရတွေ နဲ့ကျေးဇူး ဆပ်တာမို့ “စိတ်ပိုင်းဆိုင် ရာကျေးဇူး ဆပ်နည်း” လို့လည်း ဆိုနိုင်ပါတယ်။

ကိုယ့်ရဲ့ ကူညီ ပံ့ပိုးပေးမှုကြောင့် မိဘ ရဲ့ စိတ်ဓာတ်မြင့်မားမှု နဲ့ ကုသိုလ် တိုးပွားမှုက ဘ၀ လွတ်မြောက်မှု အဆင့် ထိ တက်လှမ်းနိုင်သွားပြီ ဆိုရင် အဲဒီလို တက်လှမ်းနိုင်အောင် ဓမ္မနည်း နဲ့ ကျေးဇူး ဆပ်တဲ့ သားသမီး အနေ နဲ့ မိဘကျေးဇူး ကို အကျေ ဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ။

“သဒ္ဓါတရား မရှိတဲ့ မိဘ ကို သဒ္ဓါ တရား နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်”တဲ့။ နတ်တွေ၊ ဘိုးတော်တွေကို အထင်ကြီး ကိုးကွယ်နေတဲ့ မိဘ ကို ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး သာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း ၊ 

“သေရင်ပြီးပြီ”လို့ ယူဆနေတဲ့ မိဘ ကို သေရင် မပြီးသေးဘဲ ကိုယ်ပြု ထားတဲ့ ကောင်းကံ ၊ မကောင်းကံ အားလျော်စွာ ဘ၀ သစ် ထပ်ဖြစ်ရဦီးမယ့် အကြောင်း၊ ကံကို မယုံတဲ့ မိဘ ကို သရက်စေ့ ထဲမှာ သရက် ပင်ပေါက်ပြီး သရက် သီးတွေ အများကြီး သီးပေးနိုင်တဲ့ ဓာတ် သတ္တိ ကိန်းဝပ်နေသလို ပြုပြောကြံသမျှ လုပ်ရပ်ထဲ၊ စိတ်ဓာတ် ထဲမှာလည်း ကောင်းကျိုး၊ သို့မဟုတ် ဆိုးကျိုးပေးနိုင်တဲ့ ဓာတ် သတ္တိတွေ ကိန်း ၀ပ်နေကြောင်း သဘောပေါက်အောင် ရှင်းပြပေးရမှာပေါ့။

► “သီလ မရှိတဲ့ မိဘ ကို သီလ နဲ့ပြည့်စုံအောင် ဖန်တီးပေးရမယ်”တဲ့။ ဒါန ကုသိုလ်ကြီးတွေ ဒီလောက် လုပ် ထားမှတော့ သီလ မလုံတဲ့ အကုသိုလ်လေး က အကျိုးပေးမှာ မဟုတ်ပါဘူး လို့ ယူဆနေတဲ့ မိဘကို ဒါနရှိပြီး သီလ  မရှိရင် ပစ္စည်းဥစ္စာ ချမ်းသာပေမယ့် အနာရောဂါများ တတ်ကြောင်း၊

 သေခါနီး ကောင်းရာ သုဂတိရောက်ရေး ကိစ္စကို သီလ ကသာ အဆုံး အဖြတ်ပေးကြောင်း နား လည်အောင် ပြောပြပေး ရမယ်။ ငါးပါး သီလ စောင့်ထိန်းဖြစ်အောင်၊ ဥပုသ် သီလကျင့်       သုံးဖြစ်အောင် လည်း ကူညီဆောင် ရွက်ပေးရမယ်။

► “နှမြောတွန့်တို တဲ့ မိဘ ကို အလှူဒါန နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်”တဲ့။ “ပေးရင် ကုန်တာပဲ” လို့ ယူဆနေတဲ့ မိဘ ကို မျိုး စပါးကြဲ လိုက်ရင် လက်ထဲ မှာ လောလောဆယ် စပါးတွေ ကုန်သွားပေမယ့် စပါးပေါ်ချိန် မှာ ကုန်သွားတဲ့ မျိုး စပါးထက် အဆပေါင်းများစွာ သာလွန်တဲ့ စပါးတွေ ပြန်ရနိုင်တာမို့ ကုန်တယ် မခေါ်ကြောင်း၊

 မေတ္တာစေတနာနဲ့ပေးတဲ့ အပေး မှန်သမျှ ကိုယ် မမျှော်လင့်ပေမယ့် ကိုယ် ရဖို့ချည်းသာဖြစ်ကြောင်း ဒါန နဲ့ မျိုးစေ့နဲ့ တူပုံ ကို လက်ခံ လာအောင် ရှင်းပြပေးရပါမယ်။ အလှူဒါန အဆက်မပြတ်ပြုနိုင်အောင်လည်း ကိုယ် တတ်စွမ်းသမျှ အမြဲထောက်ပံ့ပေးရပါမယ်။

► “ပညာဉာဏ် မရှိတဲ့ မိဘ ကို ပညာဉာဏ် နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်တဲ့” ။ ကြုံတွေ့လာသမျှ အဖြစ် အပျက်တွေအပေါ် အဆိုးမြင်စိတ် နဲ့ပဲ အဖျက်သဘော တုံ့ပြန်တတ်တဲ့ မိဘ ကို အကောင်းမြင်စိတ်နဲ့ အပြု သဘောတုံ့ပြန်တတ်အောင်၊ စိတ်ထား မမှန်တဲ့ မိဘ ကို စိတ်ထား မှန်အောင် စိတ်ရှည် လက် ရှည် ဖျောင်း ဖျ နားချပေးရပါမယ်။ 

ဝိပဿနာ အလုပ် အား မထုတ်ချင်တဲ့ မိဘ ကို ပစ္စုပ္ပန် စိတ်အေးချမ်းဖို့ အတွက်ရော၊ သံသရာ ဘ၀ လွတ်မြောက် ဖို့ အတွက်ပါ ၀ိပဿနာ ဟာ မလုပ်မဖြစ် အရေးကြီးကြောင်း ပြောပြပေးရမယ်။ 

အိမ်မှာ တရားအားထုတ်ဖြစ်အောင်၊ လိုအပ်ရင် ရိပ်သာ သွားဖြစ်အောင်လည်း အစွမ်းကုန် ကူညီဆောင် ရွက်ပေးရပါမယ်။

သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လို့ ခေါင်းတပ်ပြီး ဟောထားပေမယ့် လိုရင်း ကတော့ မိဘ ကို ကုသိုလ် တရား တိုးပွား သထက် တိုးပွားအောင်၊ တရားထူး တရားမြတ် ရရှိသထက် ရရှိအောင် စွမ်းဆောင် ကူညီပြီး ကျေးဇူး ဆပ်ဖို့ပါပဲ။ 

ကိုယ့်ရဲ့စွမ်းဆောင် ကူညီမှုကြောင့် မိဘ မှာ အောက်ထစ်ဆုံး တစ်မဂ် တစ်ဖိုလ် ကျွတ်တမ်း ခိုခွင့်ရတယ် ဆိုရင် ကိုပဲ မိဘကျေးဇူး အကြွင်းမဲ့ ကျေသွားပါပြီ။ အောက်ဆုံး တစ်မဂ် တစ်ဖိုလ် ရပြီးရင် ကျန်တဲ့ အထက် သုံးမဂ် သုံးဖိုလ်က သေချာပေါက် ရတော့မှာပါ။

မိဘ ကို မဂ်ဖိုလ် နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင် လည်း မိဘကျေးဇူး အကြွင်းမဲ့ကျေပါတယ်။ ကိုယ် ကိုယ်တိုင် မဂ်ဖိုလ် နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူး အကြွင်းမဲ့ ကျေပါတယ်။ 

အသင်္ခတ နိဗ္ဗာန် ကို ထာဝရ စံဝင် သွားကြတဲ့ ရဟန္တာယောက်ျား၊ ရဟန္တာ မိန်းမတွေ အားလုံး မိဘ အပေါ်မှာရော၊  တစ်ခြား ပုဂ္ဂိုလ်တွေ အပေါ် မှာရော ဘာကျေးဇူးကြွေး၊ ဘာ အကုသိုလ်ကြွေးမှ မကျန်တော့ ပါဘူး။ 

မဂ်ဖိုလ် ရဖို့ အနီးကပ်ဆုံး အလုပ်က ၀ိပဿနာ အလုပ်ဖြစ်တဲ့ အတွက် မိဘ ကို ၀ိပဿနာ အလုပ် အား ထုတ်ဖြစ်အောင် ဖန်တီးပေးခြင်း၊ ၀ိပဿနာ စာအုပ်၊ ၀ိပဿနာ တိပ်ခွေများ လှူဒါန်းခြင်း၊ ၀ိပဿနာ ရဲ့ အခြံအရံ အထောက်အပံဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးခြင်း၊ 

ဘာ ကုသိုလ် ပဲပြုပြု နိဗ္ဗာန် ကို ဦးတည်ပြီးပဲ ပြုဖို့ တိုက်တွန်းပေးခြင်း၊ ကိုယ့်ကြောင့် မိဘ ရဲ့ ၀ိပဿနာ အားထုတ်မှု အနှောင့် အယှက် မဖြစ်အောင် အရာရာ သတိပြုနေထိုင်ခြင်း တို့ဖြင့်သာ မိဘကျေးဇူးကို အကျေဆပ်နိုင်ပါလိမ့်မယ်။

► ဒါပေမဲ့ သူတစ်ပါး ကို မဂ်ဖိုလ် နိဗ္ဗာန် ရအောင် လုပ်ပေးဖို့က သိပ် မသေချာတဲ့ အတွက် မိဘကျေးဇူး ကို ဒီ တစ်ဘ၀ တည်းနဲ့ အကျေ ဆပ်ခြင်လွန်း သပ ဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀ မှာပဲ အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရအောင် ၀ိပဿနာ အလုပ် အားထုတ်တာ အကောင်းဆုံး ပါပဲ ဒကာအောင်ဇော်ရေ .........။

► တကယ်တော့လည်း ရှည်လျား လွန်းလှတဲ့ အစမထင် သံသရာမှာ  သူက မိဘဖြစ် လိုက်၊ ကိုယ်က မိဘဖြစ် လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာ မို့ ဘယ်သူ့ကျေးဇူး ကိုတော့ဖြင့် ဘယ်သူ ကကျေအောင် ဆပ်ပြီးပြီ ဆိုတာ ပုထုဇဉ်လောက မှာ လုံးဝ မရှိနိုင်ပါဘူး။ 

ဒီဘ၀ ကိုယ့် မိဘ က အတိတ် ဘ၀ တစ်ခုခု မှာ ကိုယ့် သားသမီး ဖြစ်ခဲ့နိုင် သလို အနာဂတ် ဘ၀ တစ်ခုခုမှာ လည်း ကိုယ့် သားသမီး အဖြစ် နဲ့ ကိုယ့်ရဲ့ မိဘကျေးဇူးကို ခံယူသူဖြစ်လာနိုင်တာပဲ မဟုတ်လား။ ဒီလိုဆိုရင် ကိုယ့်မိဘ အပေါ် ကိုယ့် ဘက်က ကျေးဇူးကြွေးကျန်သလို ကိုယ့် မိဘ ဘက် ကလည်း ကိုယ့် အပေါ် ကျေးဇူးကြွေး ကျန်နေနိုင်တာပဲပေါ့။

► ဒါကြောင့် ကျေးဇူးကျေတာ မကျေတာ ကို အဓိက မထားဘဲ “ကျေးဇူးဆပ်နေဖို့ အဓိက”လို့ နှလုံး သွင်းပြီး လောကနည်း နဲ့ရော၊ ဓမ္မနည်း နဲ့ ပါ မိဘ ကို အမြဲကျေးဇူး ဆပ်နေဖို့ပဲ အရေးကြီးပါတယ်။
 

မိဘ ကို ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာပါ အဆင့် အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်း သမီးကောင်း ရဲ့ ထံမှောက် ကို ကံကောင်းခြင်း လက်ဆောင်တွေ အရပ် ဆယ်မျက်နှာ ကနေ “၀င်လာမစဲ တသဲသဲ” ဆိုသလို အလုံးအရင်း နဲ့ ၀င်လာမှာ ကတော့ သေချာပေါက်ပါပဲ .........။


မိဘကျေးဇူး အကျေ ဆပ်နိုင်ကြပါစေ။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းတန်းဂျာနယ်၊ အောက်တိုဘာ(၁၃)၊ ၂၀၀၃။)


အရှင် ဥဇ္ဇယ

Monday, January 16, 2017

အချိန်တိုင်း သေနေပါတယ် ....

အချိန်တိုင်းသေနေပါတယ် ...
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

လောကီရောဂါတွေဆိုတာကတော့ ဆရာဝန်က ပျောက်ပြီပြောလို့သာ ပျောက်လိုက်ရ တယ်။ ဘာပျောက်လို့ ပျောက်သွားမှန်းကိုမသိဘူး။ ဘုရားဟောတဲ့ ရောဂါအစစ်ကြတော့ ရောဂါရှိမှန်း လည်း ကိုယ်ကိုယ်တိုင် သိရတယ်။ ရောဂါပျောက်သွားရင်လည်း ပျောက်မှန်း ကိုယ်ကိုယ်တိုင် သေ သေချာချာသိရတယ်။ ဘုရားဟောတဲ့ ဒုက္ခသစ္စာရောဂါကြီးကျတော့ ဒီရောဂါကိုမြင်အောင်ကြည့်နိုင်တဲ့ သီလ သမာဓိ ပညာနဲ့ပြည့်စုံရင် မြင်တာပဲ ။ ကိုယ့်မှာဖြစ်ပြီး ပျက်နေတဲ့ ရောဂါ တွေ ။ ယောက်ျားမိန်းမ မဟုတ်ပါဘူး။ ငါတွေ သူတွေ မဟုတ်ပါဘူး။ သူဌေးကြီးပဲ ဖြစ်ဖြစ် သူတောင်းစားပဲဖြစ်ဖြစ် မြင်ပြီးသေ ၊ ကြားပြီးသေ ၊ နံပြီးသေ တဲ့ ဒုက္ခသစ္စာတော့ ရှိနေပါတယ်။ ဘယ်အချိန်မှ အနာမကင်းပါဘူး။ အချိန် တိုင်း သေနေရပါတယ်။

{{ ဆရာတော်ဦးဥတ္တမသာရ }}

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၁)

{{ အရှင်သီလာနန္ဒာဘိဝံသ }}

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။

သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။

‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။

ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။

ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။

ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။

ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။

ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။

အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။

လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။

အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။

သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။

ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။

ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။

ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။

သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။

ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။

ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။

တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။

သမ္မာဒိဋ္ဌိ

ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။

ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။

နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။

ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။

အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။

ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?

မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။

ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။

တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။

တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။

ရတနာရဲ့မူရင်းအဓိပ္ပါယ်ကဘာကိုဆိုလိုတာလဲ?

ရတနာရဲ့မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲ ?
==================================

ရတနာရဲ့မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲ

မိမိတို့၏စိတ်၌ အလေးအမြတ်ပြုအပ်ခြင်း၊ တန်ဖိုး
အနဂ္ဃထိုက်ခြင်း၊ အတုမဲ့ဖြစ်ခြင်း၊ တွေ့ရကြုံရဖို့ခဲ
ယဉ်းခြင်း၊ လူတော် လူကောင်း မြင့်မြတ်သူတို့၏
သုံးဆောင်ရာ ဖြစ်ခြင်းကြောင့် ရတနာဟု ခေါ်
သည်။

ထို့အပြင်စိတ်နှလုံးကိုမွေ့လျော်စေခြင်း၊ နှစ်သက်
မြတ်နိုးခြင်း၊ စိတ်နှလုံးကိုချမ်းသာစေခြင်း၊ နှစ်သက်
လိုလားစေခြင်းစသည်တို့ကြောင့်လည်း ရတနာဟု
ခေါ်ရသည်။ ထိုရတနာသည်လည်း လောကီရတနာ
နှင့် လောကုတ္တရာရတနာဟူ၍ နှစ်မျိုးရှိသည်။

လောကီရတနာတို့သည် နီလာ၊ စိန်၊ ကြောင်မျက်ရွဲ၊
ပတ္တမြား၊ မြ၊ ဂေါ်မုတ်၊ ဥဿဖရား၊ သန္တာ၊ ပုလဲ
စသည့် န၀ရတ်ကိုးသွယ်ရတနာတို့ပင်ဖြစ်ကြသည်။
အဆိုပါ ကျောက်မျက်တို့သည် ရှားပါးသလောက်
တန်ဖိုးကြီးမားလှသည့်အတွက်လူတို့သည်နှစ်သက်
မက်မောကြသည်။ ထို့ကြောင့်လောကီရတနာဟု
ခေါ်ခြင်းဖြစ်သည်။

ဘုရား တရား သံဃာတို့သည်လည်း ကြည်ညိုကိုး
ကွယ်ဆည်းကပ်အားထားသူတို့၏ နှစ်သက်မှုကို
ဖြစ်စေတတ်သောကြောင့် ရတနာဟုခေါ်သည်။
ထိုရတနာကား လောကုတ္တရာ ရတနာများဖြစ်ကြ
သည်။

ထိုဘုရား တရား သံဃာဟူသည့် လောကုတ္တရာ
ရတနာမြတ်သုံးပါးသည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့
ပြည် နဂါးပြည် ဂဠုန်ပြည်တို့တွင်ရှိသော ရတနာ
တို့ထက် အဆရာထောင် ပိုပြီး မြင့်မြတ်သည့်အ
ကြောင်း ရတနသုတ်တော်တွင် ဘုရားရှင်ဟော
ကြားတော်မူခဲ့သည်။

သိသင့်သိထိုက်သည့် တရားအလုံးစုံတို့ကို ကိုယ်
တော်တိုင်သာလျှင် သိမြင်တော်မူသည့် သဗ္ဗညုတ
ဉာဏ်ရှင် ဂေါတမဘုရားရှင်သည် ဘုရားရတနာဖြစ်
ပြီး သီလ၊ သမာဓိ၊ ပညာ၊ ဗောဓိပက္ခိယတရား၊
ဗောဇ္ဈင်တရား၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်
ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်၊ အင်္ဂါကိုးတန်၊
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ပရိယတ်
တရားတို့ကို တရားရတနာဟုခေါ်သည်။

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်လေး
ယောက် ရှစ်ယောက်သံဃာ အရိယာနှင့်ကလျာဏ
ပုထုဇဉ် သမ္မုတိ သံဃာတော် အပေါင်းကို သံဃာ
ရတနာဟုခေါ်သည်။ဤသည်မှာရတနာ၏အဓိပ္ပါယ်
နှင့် ရတနာမြတ်သုံးပါးတို့ကို အကျဉ်းမျှဖော်ပြခြင်း
သာဖြစ်ပါသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် - ၁၀၀

နှာသီးဝမှာ တိုးတဲ့ရုပ်သဘောကို အေးအေး ဆေးဆေးကြည့်နေနိုင်ပါတယ် ...

ဒါပေမယ့် ပျောက်ပျောက်သွားပါတယ်။ ဘာကိုဆက် ရှုရမလဲ?

နှာသီးဝမှာ တိုးတဲ့ရုပ်ကို အေးအေးဆေးဆေး
ရှုနိုင်တယ်ဆိုတာ ထိုက်သင့်တဲ့ သတိသမာဓိ
တွေ ရှိနေလို့ပါ။ ထွက်လေ၀င်လေ အာနာပါန
ကမ္မဋ္ဌာန်းရုပ်အာရုံတရားဟာ ဓမ္မသဘာဝကို
က သတိသမာဓိတွေ ကောင်းလာလေလေ
ပျောက်သလိုဖြစ်လာလေလေ နောက်ဆုံး
ကွယ်ပျောက်သွားတဲ့အထိ ဖြစ်တတ်တယ်။

တခြားကမ္မဋ္ဌာန်းတွေကတော့ သတိသမာဓိ
တွေ ကောင်းလေလေ အာရုံထင်ရှားလေလေ
ပါ။ သဘာဝချင်းကွာတယ်။

ရုပ်တရားနှင့် နာမ်တရားမှာ ရုပ်ကကြမ်းတမ်း
တယ်။ ထင်ရှားတယ်။ နာမ်ကသိမ်မွေ့တယ်။
နူးညံ့တယ်။ မထင်ရှားဘူး။ ရုပ်ကိုမြင်နိုင်တဲ့
သတိနဲ့ နာမကိုမြင်နိုင်တဲ့ သတိလည်း အား
အစွမ်းချင်း ကွာခြားတာပေါ့။

အလုပ်ကြမ်းသမားတွေက ထမင်းကြမ်းကိုသုံး
ဇလုံ လေးဇလုံစားရမှ အားရကျေနပ်တယ်။
နူးညံ့သိမ်မွေ့သူတွေက ဆန်ပျော့နဲ့ချက်တဲ့
ထမင်းနုနုကို စားရမှသဘောကျတယ်။ စား
လည်း တစ်ပန်းကန်လောက်နဲ့ပြီးတာပါပဲ။

အဲဒီလိုပဲ ရုပ်တရားကို ကြည့်နေတဲ့ သတိ
သမာဓိတွေဟာ တဖြည်းဖြည်းနဲ့ အားကောင်း
လာတော့ နာမ်သဘောကိုပဲ လှမ်းကြည့်လိုက်
တော့တယ်။ ဒီတော့ ရုပ်အာရုံဟာ မရှိတော့
ဘူး။ ပျောက်သွားတယ်လို့ ယူဆလိုက်ကြတယ်။

စ စချင်း နာမ်တရားကိုတွေ့လိုက်ပေမယ့်ရုပ်
အာရုံကိုပဲ ကြည့်မယ်ဆိုတဲ့အသိကြောင့် ဟယ်
ဘာမှမရှိတော့ပါလား ရုပ်လည်းပျောက်သွားပြီ
လို့ အံ့သြမှုစိတ် ဖြစ်လာတယ်။ ကိလေသာဝင်
သွားတယ် ခေါ်တာပေါ့။ နာမ်တရားက အာရုံ
ထင်ရှားပေမယ့် ကိလေသာဝင်လိုက်တဲ့အတွက်
သတိ သမာဓိတွေ အားလျော့ပြီး အရှုခံနဲ့အရှု
ဉာဏ်လွတ်ထွက်သွားတယ်။

တကယ်ဆက်ပြီး ရှုရမှာက ရုပ်သဘော မရှိတာ
ကို သိနေတဲ့ နာမ်သဘော ဒီအာရုံနာမ်သဘော
ကိုပဲ ထပ်ခါထပ်ခါ ခဏတိုင်း ခဏတိုင်း သတိ
ကပ်ပြီး ဆက်ရှုနေရတယ်။ ဒါပေမယ့် ရုပ်ရဲ့တိုး
တဲ့ သဘောကိုပဲ ရှုရမှာလို့ အထင်နဲ့ပြန်ပြီးရှာနေ
တတ်ကြတယ်။ မတွေ့ရင်မှားတယ်လို့ ယူဆပြီး
မတိုး တိုးအောင် မထင်ရှား ထင်ရှားအောင် လုပ်
ယူတတ်ကြတယ်။ လုပ်ယူတာဟာ အမှားဆုံးပဲ။

ရုပ်ကိုမြင်တဲ့ သမာဓိဉာဏ်ထက်နာမ်ကိုမြင်တဲ့
သတိသမာဓိဉာဏ်က အဆင့်မြင့်တယ်။ ပိုပြီး
သတ္တိကောင်းတယ်။ နာမ်သဘောကိုတွေ့မိပါ
လျက် မရှုတတ်ဖြစ်ဖြစ် ရုပ်ကိုပဲရှုရမယ်ထင်လို့
ဖြစ်ဖြစ် ရုပ်ကိုပြန်ရှာရင် တက္ကသိုလ်ဘွဲ့ ရပြီးမှ
ဆယ်တန်းပြန်ဖြေသလို ဖြစ်နေတာပေါ့။
ထင်ရှားတဲ့ နာမ်သဘောကို သတိသမာဓိနဲ့ကပ်
ပြီး သိအောင် ကြိုးစားစမ်းပါ။
ထင်ရှားတဲ့ သဘောကိုကြည့်နေနိုင်မှ ၀ိပဿနာ
ဖြစ်မယ်။

{{ ဓမ္မဒူတအရှင်ဆေကိန္ဒ }}

သစ္စာသည်သာ အားကိုးရာ ....

သစ္စာသည်သာအားကိုးရာ

အရေးကိစ္စကြံတိုင်းကြုံတိုင်း

ကိုယ်အားထုတ်ထားခဲ့တဲ့ ကုသိုကောင်းမှုတွေ

ကိုယ်ပြုလုပ်ထားခဲ့တဲ့ အပြုသဘောလုပ်ရပ်တွေကို သစ္စာဆိုတိုင်တည်ပြီး

ဆုတောင်းလိုက်ပါ။

လိုအင်ဆန္ဒအားလုံး ပြည့်ဝလာပါလိမ့်မယ် ....